ကျောက်ဖြူမြို့၌ ပညာသင်ယူကြမည့် ကျောင်းသား၊ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါ မကျရောက်စေရန် အခြေခံပညာကျောင်းများတွင် ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်

ကျောက်ဖြူ မေ ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအား ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် သွေးလွန်တုတ်ကွေးရောဂါများ မကျရောက်စေရန်အတွက် မြို့ပေါ်ပရဟိတအသင်းများပူးပေါင်းပြီး အခြေခံပညာကျောင်းများသို့ သွားရောက်ကာ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆေးဖြန်းခြင်းလုပ်ငန်းများကို မေ၂၈ရက်နေ့မှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေအကုန်လုံး ဇွန်လ(၂)ရက်နေ့ကနေ စတင်ဖွင့်လှစ်တော့မယ်ဆိုတော့ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ယူကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ခြင်ကိုက်ခံရတာကြောင့်ဖြစ်တတ်တဲ့ သွေးလွန်တုတ်ကွေးရောဂါ‌တွေ မဖြစ်ပေါ်စေဖို့ ကျွန်တော်တို့မြို့ပေါ်ပရဟိတအသင်းအဖွဲ့တွေပူးပေါင်းပြီး ရပ်ကွက်တွေမှာရှိတဲ့ ထက်/လယ်/မူကျောင်းတွေ၊ မူလတန်းကြိုကျောင်းတွေနဲ့ ရုံးတွေကိုသွား‌‌ရောက်ပြီးတော့ ဆေးဖြန်းတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီးလည်း အသင်းရံပုံငွေအခြေအနေအပေါ်မူတည်ပြီးတော့ နယ်ကျောင်းတွေကိုပါ သွားရောက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဆေးရည်နှင့်ဆက်စပ်ပစ္စည်းတွေ အလုံအလောက်ရှိရင် နယ်ကျောင်းတွေပါ ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဋ္ဌဦးဂျပန်ကြီးက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့ပေါ် ပရဟိတအသင်းများဖြစ်သည့် ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ လေးဝတီကုလရက္ခိတပရဟိတအသင်းနှင့် ရက္ခိတရင်ခွင်သာရေးနာရေးအသင်းမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမှတ်(၁)၊  အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ မူလွန်ကျောင်းများဖြစ်သည့် အခြေခံပညာကျောင်း(၁၄)ကျောင်း၊ မူလတန်းကြိုကျောင်း(၄)ကျောင်းသို့သွားရောက်ပြီး ၎င်းကျောင်းများရှိ စာသင်ခန်းများ၊ ရုံးခန်းများနှင့် ကျောင်းခြံဝန်းအတွင်း/အပြင်တို့အား မာလာသီယွန်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် အဆိုပါပရဟိတအဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ရုံးခြံဝန်းအတွင်းအပြင်နှင့် ရုံးခန်းများအား ဆေးဖြန်းပေးခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း