တာချီလိတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့မသုသာန်သစ်(ပုံလို့)ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက် နေမှု ရှင်းလင်းခြင်းကို သုသာန်သစ် ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းဆောင်ရွက်နေမှု ရှင်းလင်းခြင်းအခမ်းအနားတွင် မြို့မသုသာန်သစ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစံသိန်းမှ မြို့မသုသာန်သစ်နှင့်ပတ်သက်၍ ပြည်သူများအကြားတွင် ပြန့်နှံ့လျက်ရှိသော သတင်းမှားကိစ္စများကို ရှင်းလင်းပြောကြားရာတွင် မြို့မသုသာန်သစ်နှင့်ပတ်သက်၍ အယုတ်၊ အလတ်၊ အမြတ်မရွှေး၊ လူမျိုးမရွေး၊ ဆင်းရဲ ချမ်းသာမရွေး မည်သူမဆို မီးသဂြိုလ်ခွင့်ရှိပါကြောင်း၊ လူတစ်ဦးမီးသဂြိုလ်လျှင် သတ်မှတ်နှုန်းထား ထိုင်းဘတ်ငွေ(၃၀၀၀)သည် စက်ဆီ၊ ဒီဇယ်ဆီများ ဝယ်ယူရေးနှင့်သုသာန်တွင် ခန့်အပ်ထားသော ဝန်ထမ်းသုံး ဦး အတွက် လစဉ်လာစာငွေများပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သတ်မှတ် ငွေကြေး မပေးဆောင်နိုင်သော ဆင်းရဲသားများ အတွက် ပေးဆောင်ရန်မလို၊ အခမဲ့စနစ်ဖြင့် မိမိတို့ကော်မတီဝင် များမှ ဖြည့်စွက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတ်မှတ်ငွေကြေးအတိုင်း ပေးဆောင်ခဲ့သူများနှင့် ဆင်းရဲ၍ မပေးဆောင်နိုင်ခဲ့သူများ အပါအဝင် ယနေ့အထိ(၈၆)ဦးကို မီးသဂြိုလ်ပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့သည်၊
ဆက်လက်၍ ငွေကြေးချမ်းသာသူများသာ သဂြိုလ်ခွင့်ရှိသည် ဟူသောသတင်းမှာ မှားယွင်းပြီး မဟုတ်မှန် ကြောင်း ကောလာဟလ သတင်းနှင့်ပတ်သက်၍ ရှင်းလင်းပြခဲ့သည်။
ဦးအာဖာ(တစ်ပင်ရွှေထီး)မှ ထိုင်းဘတ်ငွေ(နှစ်သန်း)ရင်းနှီးမတည်ကာ စေတနာရှင်ပြည်သူများ၏ ဝိုင်းဝန်း ကူညီ လှူဒါန်းပေးမှုဖြင့် ခေတ်မီ မီးသဂြိုလ်စက် နှစ်လုံးဝယ်ယူတပ်ဆင် တည်ဆောက်ခဲ့ရာတွင် ကျပ်သိန်းပေါင်း (တစ်သောင်း)ကျော်ကုန်ကျခဲ့ပြီး(၂၉-၁-၂၀၂၀)ရက်နေ့ မှစတင်၍ နာရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ဆောင် ရွက်ရန်ကျန်ရှိနေ သေးသော လုပ်ငန်းများကို ဦးအားဖာ၏ မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ ပါဝင်လှူဒါန်းပေးမှုဖြင့် လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြား သွားခဲ့သည်။
ထို့နောက်တက်ရောက်လာသူများမှ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြား ပေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း၊ ရှင်းလင်းခြင်းအခမ်းအနားသို့ မြို့မသုသာန်သစ်(ပုံလို့) ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)