မိတ္ထီလာ မေ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ရိုးကန်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရာတွင် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း၌ တစ်ယူနစ်သာ အကောင် အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေမှာ တစ်ယူနစ်လျှင် ငွေကျပ်သိန်း(၃၀၀)ခွင့်ပြုထောက်ပံ့မည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကို ကျေးရွာသူ ကျေးရွာသားများမှ ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးနှင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါ ကြောင်း ပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာကော်မတီကို ကျေးရွာသူကျေးရွာသားများ၏ ဆန္ဒဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ရိုးကန်ကျေးရွာတွင် အိမ်ထောင်စု ၁၀၁ စု လူဦးရေ ၄၆၉ ဦး ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)