လားရှိုး မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း BarrierFree Tourism အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင်လှပသည့် ရေ၊ မြေ၊ တောတောင်၊ သဘာဝများ၊ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များ ကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်လည်ပတ်ရာ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားအားလုံးအတွက် အသင့်ဖြစ်စေရန်နှင့် အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်စေရန် မသန်စွမ်းခရီးသွားများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို စမ်းသပ်စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ရခြင်းဖြစ်ပါကြောင်း၊ လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အချက်အခြာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သည့်အတွက် ကူးသန်းရောင်းဝယ်မှုများနှင့်အတူ သွားလာလည်ပတ်မှုများပြားသည့် ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ဒါကြောင့်မသန်စွမ်းသူများ သွားလာလည်ပတ်သည့်အခါ မရှိမဖြစ်အရေးပါသည့် ဟိုတယ်များတွင် ၎င်းတို့အတွက် ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ယခုကဲ့သို့သင်တန်းစီစဉ် ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး မသန်စွမ်းသူများ ခရီးသွားလာသည့်အခါ အဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရေးအတွက်ကိုလည်း နောင်ဟိုတယ်တည်ဆောက်သည့်အခါ အခန်း(၂၀)နှင့် အထက်ဟိုတယ်များတွင် မသန်စွမ်းသူများအတွက် တစ်ခန်းထည့်သွင်းတည်ဆောက်ပေးရန်အတွက်ကိုလည်း ရှမ်းပြည်နယ်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၂)မှာ ထည့်သွင်းဆွေးနွေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလိုသင်တန်းများအပြင် ခရီးစဉ်ဒေသများတွင် မသန်စွမ်းသူများလှည့်လည်သွားလာနိုင်ရန်လိုအပ်သည့် အခြေခံအဆောက်အဦးများ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရန် ဘဏ္ဍာငွေကြေးများထည့်သွင်းလျာထားတွက်ချက်ပြီး အကောင်အထည်ဖော်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဇုန်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တောင်ကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သင်တန်းသား၊ သင်တန်းသူများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဟိုတယ်ဝန်ထမ်းများ(၈၀)ဦး၊ စည်ပင်ကြီးကြပ်မှုအောက်ရှိ တည်းခိုခန်းဝန်ထမ်းများ(၆၀)ဦး၊ စားသောက်ဆိုင်များမှ ဝန်ထမ်းများနှင့် ခရီးသွားဧည့်လမ်းညွှန်များ(၃၃)ဦး၊ ခရီးသွားက ကုမ္မဏီများမှဝန်ထမ်းများ(၂)ဦး၊ စုစုပေါင်း(၁၇၅)ဦးတက်ရောက်ကြပြီး သင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာ၌ ကြီးကြပ်မှု ကော်မတီများနှင့်တွေ့ရာ ဆင်းရွှေလီဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ရွှေမှ ဘိုးဘွားရိပ်သာနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဘိုးဘွားရိပ်သာ အမှုဆောင်သစ်နှင့်တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း မိသားစုအသွင်ဖြင့် စုစုစည်းစည်းတွေ့ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိဒေသခံအတွက် ပိုမိုကောင်းမွန်ရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်နေပါကြောင်း ပြောကြားပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ အဘိုးအဘွားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ(၅)သောင်းကျပ်စီကို၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ လှူဒါန်းပေးကြပြီး လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးကြရာ ကိုးကန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ ဦးမြင့်ရွှေက ငွေကျပ်သိန်း(၂၀)၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးမှငွေကျပ်(၅)သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ငွေကျပ်(၅)သိန်း၊ မွေးနေ့ရှင် ဦးအောင်ချိုဦးမှ ငွေကျပ်(၅)သိန်း၊ အသီးသီးပေးအပ်လှူဒါန်းကြရာ ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှဘိုးဘွားများအား နေ့လည်စာဖြင့် လှူဒါန်းပေးရာဘိုးဘွားများမှ ဆုတောင်းမေတ္တာပေးပို့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ အေတီတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့်နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး အေတီတပ်ဦးကျောင်းတွင် အဆောက်အဦးနှင့် စေတီအတွက် ဆောက်လုပ်ရန် အလှုငွေများ ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၃၀)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးမြင့်ရွှေမှ ငွေကျပ်သိန်း(၂၀) တို့ကို ပေးအပ်လှူဒါန်းပေးကြကာ ဆရာတော်အား ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က စေတီနှင့်ကျောင်းအဆာက်အဦး ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်မာင်သန်း(တောင်ကြီး)