မောင်တော မေ ၃၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ယမန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဇွန်လ(၂)ရက်နေ့တွင် အခြေခံပညာကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့်အတွက် ရရှိတဲ့အကျိုးရလဒ်များ၊ အရည်အသွေး ၊အတွေ့အကြုံများအား မိမိတို့ကျောင်း ပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆရာ၊ ဆရာမကြီးများအပေါ် မူတည်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ပညာရေးဌာန၏ အရေးကြီဆုံးကဏ္ဍဖြစ်သည့် စီမံခန့်ခွဲမှုပညာ၊ ဘဏ္ဍရေးကိစ္စ၊ သင်ကြားရေးပညာ၊ စာရင်းအင်စသည့် ကဏ္ဍအသီးသီး ဆွေးနွေးကြမည်လို့ သိရပါကြောင်းနှင့် ယခုအခါ မောင်တောမြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း (၁၁၉)ကျောင်း၊ ဘုန်းသင်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ထူ ကိုယ်ထ(၁)ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယနေ့ထိ ကျောင်းအပ်လက်ခံထားပြီးဖြစ်သော အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူ ၁၂၅၃၃ ဦး လက်ခံဆောင်ရွက်ထားပြီးဖြစ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးညီထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆရာ၊ ဆရာမကြီးများအား လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး မောင်တောမြို့ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံက အသက် ၅ နှစ်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးရန် ဆောင်ရွက်နေသည့် အခြေအနေများ၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောရာတွင် သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင် အဖြစ်များပြီး ဗိုင်းရစ်သယ်ဆောင်လာသော ခြင်ကျားကိုက်ခံရကာ ရောဂါဖြစ်ပွားတတ်ကြောင်း၊ ပေါက်ဖွားတတ်သည့် အခြေအနေများ၊ ကာကွယ်ရမည့် နည်းစနစ်များ၊ ရောဂါဖြစ်ပွားလျှင်သိရှိသင့်သည့် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်ပညာရေးမှူး ဦးညီထွေး၊ မြို့နယ်ပညာရေးမှူး အောင်စံကျော်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ရာ၊ ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)