မိုင်းနောင် မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ နားကန်းကျေးရွာအုပ်စုအတွင်းရှိ အမျိုးသမီးများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးအသိပညာများရရှိစေရန် ရည်ရွယ်၍ အမျိုးသမီးအခွင့်အရေးများမြှင့်တင်ခြင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လွိုင်ခမ်းအမျိုးသမီးအဖွဲ့၊ ဒါရိုက်တာဒေါ်နန်းသန်းသန်းညွန့်က အမျိုးသမီးများ၏ လူနေမှုဘဝဖွံဖြိုးတိုးတက်ရေး၊ ကျန်းမာရေးအသိပညာများရရှိစေရေး၊ အမျိုးသမီးများအားလုံးအကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ဘဝလုံခြုံမှုရှိရေးတို့ကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူ အမျိုးသမီးများမှ မိမိတို့ သိလိုသည်များကိုမေးမြန်းခြင်း၊ လိုအပ်ချက်များတင်ပြခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကာ ရပ်ရွာအတွင်းရှိ အမျိုးသမီးများအားလုံး၏ ဘဝအကျိုးရှိရှိရပ်တည်နေနိုင်ရေးအတွက် အဖက်ဖက်မှတိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးသည့်အပေါ် ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သိရှိရသည်။
ယခုပြုလုပ်သောဆွေးနွေးပွဲသည် လွိုင်ခမ်းအမျိုးသမီးမှဦးစီး၍ပြုလုပ်သော ဆယ်ကျော်သက်မိန်းကလေးများ ဘဝဖွံဖြိုးတိုးတက်ရေးအတွက် လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွားအသိပညာပေးခြင်းနှင့် အခွင့်အရေးမြှင့်တင်ခြင်းလုပ်ငန်း၏ ကြိုတင်မိတ်ဆက်ခြင်းဆွေးနွေးပွဲဖြစ်၍ လွိုင်ခမ်းအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်(၃)ဦး၊ နားကန်းကျေးရွာအုပ်စုမှ အမျိုးသားနှင့်အမျိုးသမီးခေါင်းဆောင်များ (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)