ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အပန်းဖြေစခန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေး စက်တင်ဘာ ၅

ကိုဗစ်ကာလအတွင်း ယာယီပိတ်ထားသော ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အပန်းဖြေစခန်းအား  ပြန်လည်ဖွင့်လှစ်ခွင့် ရရှိစေရန် တင်ပြထားရှိမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ များက ယမန်နေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးကြည်၊ မန္တလေး ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစန္ဒာလွင်၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊  မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာကြည်ရွှေ၊  မြို့နယ်မီးသတ် ဦးစီမှူး ဦးမြင့်ခိုင်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်ဝမ်းလေး၊ ဥပုသ်တော် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်တို့က ပူးပေါင်း၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ လမ်း ၇၀ နှင့် ၇၃ လမ်းကြားရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အပန်းဖြေစခန်းကို ကွင်းဆင်းစစ်ဆေးကြခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမင်းက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက် ထားရှိမှုများအား လိုက်လံရှင်းလင်း ပြသကာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)