သင်္ဃန်းကျွန်း မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၃:၀၀)နာရီအချိန်က ၂၀၂၂ခု နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်သာလှိုင်တို့က ၂၀၂၂ခု နှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းနေ့နှင့် ပတ်သက်သော အကြောင်းအရာများ၊ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် အစီအစဉ်များ၊ ပြည်သူလူထုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော အသိပညာများ၊ ၂၀၂၂ခု နှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်များ အစရှိသည်တို့ကို အများပြည်သူ ဗဟုသုတ ရရှိစေရေးအတွက် ဆွေးနွေး ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘာတစ်ဝန်းလုံး၌ လက်ရှိ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်တဲ့ အခိုးအငွေ့တွေ၊ စွန့်ပစ်ရေအရည်အသွေး၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွင့်မှု) လမ်းညွှန်ချက်များ (National Environmental Emission Quality Guideline) ကို ထုတ်ပြန်၍ ဆောင်ရွက်နေတာဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှုတွေ လျော့နည်းလာစေမှာ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်သာလှိုင်က ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အသိပညာပေး (Talk Show) ကို We love Thin gan gyun facebook Page တွင် ထုတ်လွင့် တင်ဆက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)