သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း မေ ၃၁

သင်္ဃန်းကျွန်းမြို့နယ် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို  သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သပြေခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင်ပညာရေးမှူး ဒေါ်စုစုခင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပညာရေးမှူး ဒေါ်စုစုခင် က အမှာစကားပြောကြားရာတွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့်  ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်းမြို့နယ်အတွင်း ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ (၂၆) ရက်နေ့မှ ဇွန် (၁) ရက်နေ့ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေးများ လက်ခံ ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်မှ အသိပညာ အတတ်ပညာများ ပြည့်ဝစေရန် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ဦးတည်ချက်(၉)ရပ်ချမှတ်တွင် ပါဝင်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည် မြင့်မားရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အနာဂါတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးမယ့် စာသင်ကျောင်းများဖြစ်တဲ့အတွက် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊  ကျောင်းသားမိဘများ လက်တွဲပြီး ကလေးငယ်များ၏ အနာဂါတ်ဘဝများ သာယာလှပစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်မှ ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး အလှူရှင်များက ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ထောက်ပံ့ပစ္စည်းများကို လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)