လယ်ဝေး မေ ၃၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် ပေတုန်းမျှောင် ကျေးရွာအနီးရှိ တောင်သူ ဦးဝေလင်းဦး၏ စူပါနှံကောက်စပါး စံပြကွက်စိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် မဒေါ့ပင်ကျေးရွာ KC ခန်းမတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က ရာသီဥတုနှင့်ကိုက်ညီမည့် မျိုးများကိုရွေးချယ်ရန်၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ စိုက်ခင်းများ၏ မိတ်ဆွေဖြစ်သည့် ပင့်ကူစသည့်ပိုးကောင်များအား မွေးမြူခြင်းဖြင့် အခြားအဖျက်ပိုးများ၏အန္တရာယ်မှကာကွယ်နိုင်ရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက ရာသီဥတုပြောင်းလဲမှုနှင့် မိုးရေချိန်ရရှိမှုအခြေအနေများ၊ ပိုးမွှားရောဂါကျရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဒေသနှင့်ကိုက်ညီမည့် သီးနှံများအကြောင်းကိုလည်းကောင်း၊ မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာလှမျိုးသန့်က မေထုန်မဲ့သားစပ်နည်း၊ ဒေသတိုင်းရင်း ကြက်မွေးမြူနည်းနှင့် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များရရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် ဒေသခံတောင်သူများက မြေဩဇာရရှိရေး၊ စိုက်ပျိုးစရိတ်များထုတ်ယူနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်သုံးစွဲနိုင်ရေးအတွက် စက်သုံးဆီများဈေးနှုန်း သက်သာစွာရရှိရေး၊ ရေမြောင်းများပြုပြင်ထိန်းသိမ်းရေးတို့အား မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)