မိုးညှင်း မေ ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံး ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က သင်တန်းကာလ (၁၅)ရက်ကြာ သင်ကြားပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးလိုက်သည့် ဘာသာရပ်များအား မိမိတို့မိသားစုဝင်ငွေ တိုးပွား စေရန်နှင့် လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ချိုချိုသန်းက အဆိုပါ သင်တန်းဖွင့်လှစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး တာဝန်ရှိ သူများက သင်တန်းသား/သူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်းက သင်တန်းတွင် ထူးချွန်ဆုရသည့် သင်တန်းသူတစ်ဦးအား ချီမြှင့်ပေးအပ်သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ခရိုင်/မြို့နယ် ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းမှ ထွက်ရှိသည့် အခြေခံစားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းသားသင်တန်းသူများထံ ပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ် နည်းသင်တန်းတွင် အမျိုးအမည်ပေါင်း (၁၀)မျိုးပါဝင်ပြီး မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသားသင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)