ချောင်းဆုံမြို့နယ်၌ (၂၃)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေး ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ချောင်းဆုံ မေ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၌ (၂၃)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေး ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဒေါင်းဥကျေးရွာ တိုက်ဘုဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ စီးပွားရေးဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပူဇော်ဖွင့်လှစ်ပြီး မွန်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကေတုမာလာက ဩဝါဒစကားမြွတ်ကြားသည်။ ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး နိုင်လယိတမက အမှာစကားပြောကြားပြီး မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့အား ငွေကျပ်သိန်း(၃၀၀)ကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်နှင့်တာဝန်ရှိသူများက မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြောင်း၊ အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများ စုစုပေါင်း(၂၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)