သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သံဖြူဇရပ် မေ ၃၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သံဖြူဇရပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း မေ (၂၆) ရက်နေ့မှ ဇွန် (၁) ရက်နေ့ အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ နိုင်ငံ တော်မှလည်း ကျောင်းနေအရွယ်ကလေးသူငယ်များ အခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရှိစေရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါကြောင်း၊ သံဖြူဇရပ်မြို့နယ်အနေဖြင့်လည်း ကျောင်းနေအရွယ်ကလေး သူငယ်တိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အပြည့်အဝလာရောက်အပ်နှံစေရေးအတွက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးလှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၏ ဆောင်ပုဒ်သည် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဖြစ်ပြီး ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း မြို့နယ်အတွင်းရှိကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက အလေးအနက်ထားပြီး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုကျောင်းအပ်နှံရေးသီးတင်းပတ်အတွင်း မေ (၂၆) ရက်မှ (၂၉)ရက်နေ့အထိ မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၂၉) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း ကိုယ်ပိုင်အထက်တန်းကျောင်း၂ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၃၂) ကျောင်းတွင် ကျောင်းသားကျောင်းသူပေါင်း (၂၆၆၂၄)ဦးကို ကျောင်းအပ်နှံထားပြီးဖြစ်၍ ကျောင်းအပ်ပြီးကလေးအားလုံးကို မည်သည့်အခကြေးငွေမျှမယူဘဲ ပညာရေးဝန်ကြီးဌာနမှ ထောထောက်ပံ့သော ကျောင်းသုံးပုံနှိပ်၊ စာရေးကိရိယာနှင့် ဗလာစာအုပ်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်မြင့်အေးက ကျောင်းအပ်နှံရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ လူငယ်တိုင်းအခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးတို့ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များအောင်မြင်နိုင်ရေးအတွက်  မိဘပြည်သူများ၊ ဆရာ၊ဆရာမများ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြားပြီး ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဋ္ဌာနမှ ထောက်ပံ့သောပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်နှင့် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများမှ လက်ခံရယူပြီး၊ အလှူရှင်များက အခြေခံပညာကျောင်းများသို့ လှူဒါန်းသော အလှူငွေစုစုပေါင်းငွေကျပ် (၅၀၃၃၂၀၀၀)ကို အလှူရှင်များကပေးအပ်ရာ မြို့နယ်ပညာရေးမှူးဒေါ်မြင့်အေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)