ထန်းတပင်(ရန်ကုန်) မေ ၃၀
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်း စိုပြေရေး ကိုအထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ သီတာအေးပျိုးဉယျာဉ်တွင် ပျိုးထောင်ထားရှိသည့် ပျိုးပင်ပေါင်းနှစ်သောင်းကို ယခုနှစ်မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက်လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တပ်ရင်းတပ်ဖွဲ့များအား (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေးနိုင်ရန် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျဉ်တွင် ပျိုးပင်ပေါင်းနှစ်သောင်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများကပျိုးထောင်ထားရှိပြီး ရပ်ကွက်ကျေးရွာနေပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တပ်ရင်းတပ်ဖွဲ့ဝင်များအား စိုက်ပျိုးနိုင်ရန်အတွက်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းတို့တွင်စတင်ဖြန့် ဝေပေးနိုင်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။
ယခုနှစ် မိုးရာသီကာလအတွင်း အများပြည်သူများအား ပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေးနိုင်ရန် အတွက် ထန်းတပင်မြို့နယ် သီတာအေးပျိုးဥယျာဉ်တွင် ကျွန်းပင်(၂ဝဝဝ)၊ ပျဉ်ကတိုးပင် (၂ဝဝဝ)၊ မဟောဂနီပင်(၂ဝဝဝ)၊ ယူကလစ်ပင်(၁ဝဝဝ)၊ ပျဉ်းမပင်(၁၅၀၀)၊ ငုရွှေဝါပင် (၁ဝ၀ဝ)၊ မအူပင်(၁၀၀၀)၊ စိန်ပန်းပင်(၁၀၀၀)၊ ခရေပင်(၁၅၀၀)၊ အော်ရီရှားပင်(၁ဝဝဝ)၊ မန်ဂျန်ရှားပင်(၄ဝဝဝ)၊ ပင်လယ် ကဗွီးပင် (၁ဝဝဝ)နှင့်ပိတောက်ပင်(၁ဝဝဝ) စုစုပေါင်း ပျိုးပင်နှစ်သောင်းတို့ကို ပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)