တာမွေမြို့နယ်အတွင်း မိုးရာသီကာလ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်း မိုးရာသီကာလ၌ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင် သစ်ကိုင်းများ ကျိုးကျ၍ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လမ်းများအလိုက် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ပေးခဲ့ကြသည်။

ထိုကဲ့သို့ မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း "ယခုလို လျှပ်စစ်ဓာတ်အား လိုင်းကြိုး များနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးတာဟာ မြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှု တစ်ခုပါ။ မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ကျိုးကျမှုတွေကလည်း မြို့နယ်အတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ရှိနိုင်သည့်အတွက် ရပ်ကွက်နေပြည်သူတွေအဖို့ သွားရေးလာရေးတွင် အမြဲတမ်း သတိထားပြီး သွားလာနေရပါတယ်။ ယခုလို မြို့နယ်လျှပ်စစ်ဌာန အနေနဲ့ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးခြင်းအားဖြင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်" ဟု ပြောကြားသွားကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်