မဟာအောင်မြေ မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁၃) သီရိမင်္ဂလာခန်းမ၌ မြတ်ဆရာသီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးအတွက် မူလတန်းအဆင့်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ၊ အလယ်တန်းနှင့် အထက် တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံစသည်တို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ် အဖြစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူ၍ သက်မှတ်ပြဋ္ဌာန်းပေးချက်နှင့်အညီ တစ်မြို့နယ်လုံး အတိုင်းအတာအားဖြင့် ကျောင်းဝင်ရာခိုင်နှုန်းပြည့် ဖြစ်စေရန်၊ ကျောင်းနေမြဲရန်၊ ကျောင်းနေအရွယ် ကလေးများအားလုံးကို ကျောင်းအပ်နှံနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုလို ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်လက်ခံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးသော ဆရာ/ဆရာမ များအားလုံး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှမြင့်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး နေ့နှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင်(Grade 5)၊(Grade 8)၊(Grade 11) သင်ရိုး သစ်ဆင့်ပွားသင်တန်းများအား သက်ဆိုင်ရာအတန်းများအလိုက် ဆရာ၊ဆရာမများအား ဖွင့်လှစ် ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ သင်ကြားပို့ချရာတွင်လည်း နားလည်သဘောပေါက်စေရန် ဘာသာရပ်အလိုက်အသေးစိတ် လေ့လာသင်ယူထားရန်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောင်းများတွင် မေလ(၂၆)ရက်နေ့မှ(၂၈)ရက်နေ့အထိကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၆၄၈)ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့်(၉၉)ရာခိုင်နှုန်း ရှိကြောင်း၊ ယနေ့လည်း ထပ်မံ၍ကျောင်းအပ်လျက်ရှိကြောင်းစသည်များ ရှင်းလင်း ထည့်သွင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရဲမှူးဦးကျော်မြဝင်းနှင့် မြို့နယ်ပညာရေးမှူးဦးလှမြင့်တို့က ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မဟာအောင်မြေမြို့နယ် ပညာရေးမှူးဦးလှမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ရဲမှူး ဦးကျော်မြဝင်း၊ ဗိုလ်မှူး ဦးဆွေလွင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း