လွယ်ဂျယ် စက်တင်ဘာ ၅
ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ တွင် ဖွင့်လှစ်ထားသော Quarantine Centre ရှိ တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၄ ရက်နေ့ညနေ ၅ နာရီတွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနှင့် ဗန်းမော် ပရဟိတအဖွဲ့ဖြစ်သည့် ခိုင်မြဲသောလက်များ အဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည်။
ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်လူမှူ ဝန်ထမ်း ဦးစီးဌာနမှခရိုင် ဦးစီးမှူးဒေါ်ဆွေဆွေဝင်းက ယခုဖြစ်ပွားနေသည့် COVID-19ရောဂါအကြောင်းနှင့် နေရပ်ပြန်များအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် Quarantine Center ရှိ နေရပ်ပြန်များအတွက် ခိုင်မြဲသော လက်ပရဟိတအဖွဲ့မှ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
လွယ်ဂျယ် Quarantine Centre အနေဖြင့်တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နေရပ်ပြန်များအား ဧပြီလ ၁၆ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၄ ရက်နေ့ထိလူဦးရေ (၃၂၉၃) ဦး လက်ခံဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် (၃၀)ဦးကို လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)