နမ့်ခမ်းမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နမ့်ခမ်း မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး  ဦးကျော်နိုင်သွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး၊ ကလေးများအားလုံး ပညာသင်ရမည့်အရွယ်တွင် ပညာသင်ယူနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းထွက်နှုန်း လျော့နည်း ပပျောက်ရေးတို့အတွက် ဆရာ၊ ဆရာမတို့မှ စေတနာ၊ မေတ္တာ၊ အနစ်နာတို့ဖြင့် ကြိုးစားသင်ကြားသွားရန်နှင့်  အခမ်းအနားကျင်းပရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ ပေးအပ်မည့် ကျောင်းသုံးသင်ရိုးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ် ကျောင်းဝတ်စုံများနှင့် နှာခေါင်းစည်း(Mask)များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းမျာသို့ပေးအပ်ရာ အခြေခံပညာစာသင်ကျောင်းများအသီးသီးမှ ကျောင်းအုပ်များက လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမ့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းမှ ကျောင်းအုပ်တို့တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)