ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ဇေယျာသီရိ မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် အားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                         

ဇေယျာသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ်များကို မေလ ၁၂ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးနေမှုကို ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဝေယံအောင်နှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများကြီးကြပ်၍ ထိုးနှံပေးလျက်ရှိရာ “ကျွန်တော်တို့ ဒီနေ့ဟာဆိုရင် တက္ကသိုလ်တွေမှာရှိတဲ့ ကျောင်းသား/သူ တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်ပါတယ်၊ ဆေးအမျိုးအစားတွေကတော့  Sinovac၊ Astrazeneca၊ Covaxinနဲ့ Covidsheild ဆိုပြီး ၄ မျိုးရှိပါတယ်၊ ဒီက ကျောင်းသား/သူတွေက ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးပြီးသားတွေ ရှိပါတယ်၊ အဲ့လို ထိုးပြီးတဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ အမျိုးအစားတူဆေးကိုပဲ ပြန်ထိုးပေးတာ ဖြစ်ပါတယ်၊ လုံးဝမထိုးရသေးတဲ့ ကျောင်းသား/ကျောင်းသူတွေကိုတော့ ၁၈နှစ်အထက်ဆိုရင် Astrazeneca ဆေးကို ထိုးပေးပါတယ်၊ ၁၈နှစ်အောက်ဆိုရင် Covaxin ဆေးကို ထိုးပေးတာဖြစ်ပါတယ်၊ ကျောင်း ၃ ကျောင်းလုံးမှာရှိတဲ့ ကျောင်းသားတွေကို ဒီကနေ့အပြီးထိုးပေးမှာ ဖြစ်ပါတယ်၊ ဆေးထိုးဖို့ အချက်အလက်ကျန်ရှိတဲ့သူတွေကိုတော့ မိမိတို့ဆေးရုံကို ခေါ်ပြီးထိုးပေးမှာ ဖြစ်ပါတယ်”ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ပြောပြချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)