ဗိုလ်တထောင် မေ ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရှိရာ ယနေ့နံနက် (၉:၀၀)နာရီတွင် ရန်ကုန်အရှေပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကြည်နိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းပညာရေး မူလတန်းပြီးဆုံးသည်အထိ အတန်းစဉ်တက်ရေး၊ ကျောင်းအပ်ရန်ရှိသော ကလေးများကို ဖော်ထုတ်ဆန်းစစ်၍ ကျောင်းသို့ရောက်ရှိအောင် ဆောင်ရွက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊ “ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကလေးများကို ကျောင်းအပ်နှံရေး မိဘ၊ ဆရာပူးပေါင်းမှသာ ကလေးများအတွက် အနာဂတ်တိုးတက်အောင်မြင်မှာဖြစ်၍ မိဘများဘက်မှ ပြောင်းလဲနေသောပညာရေး၏ စိန်ခေါ်မှုများကို အပြုသဘောဖြင့် မိမိသားသမီးများအနာဂတ်အတွက် ပါဝင်ကူညီပေးကြပါရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့် ယခုပညာသင်နှစ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများအား စေတနာ၊ အနစ်နာခံ၍ ပညာသင်ကြားပေးစေလိုကြောင်း ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဉာဏ်သိန်းအောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ၊ အမှတ်(၆)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေလှိုင်မှ ကျောင်းအပ်လက်ခံနိုင်မှု အခြေအနေအား ကျောင်အုပ်ဆရာမကြီးများကိုယ်စား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၅ )အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့်လည်းကောင်း၊ ဆရာ၊ ဆရာမများက “ပန်းကလေးများရဲ့ ဥယျာဉ်မှူး” သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထက်တန်းပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သိန်းသိန်း (ဗိုလ်တထောင်)