ရန်ကုန် မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က (၁)အင်းစိန်၊ ဧရာဝတီခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ကျင်းပရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်က အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ ပညာရေးမှူး ဒေါ်ဝင်းဝင်းနွယ်က ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)