ဘီးလင်း မေ ၃၀
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အထက (ကန်သာယာ) ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းကို သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုး သိုက်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ညွှန်ရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရန်အတွက် နိုင်ငံတော်က ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၆၃ ကျောင်းကို ဖွင့်လှစ်သွားမည် ဖြစ်ရာ Grade-5 ၊ Grade-8နှင့် Grade-11 စနစ်သစ် ပညာရေးအတွက် ဆရာ၊ ဆရာမများအား သင်တန်းများပို့ချ သင်ကြားပေးထားပြီးဖြစ်ကြောင်း၊ ဘီးလင်းမြို့နယ်အနေဖြင့် ယမန်နေ့အထိ လာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၅၄၅၀) ဦး ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိရေးအတွက် ကျောင်းအုပ်ကြီးများမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်တို့ကို ပြောကြားခဲ့သည်။
ယင်းနောက် အခြေခံပညာကျောင်းများသို့ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကျောင်း သိရသည်။
ထူးနောင်