စဉ့်ကိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

စဉ့်ကိုင် မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂ ၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် (၉) နာရီအချိန် အ-ထ-က စဉ့်ကိုင်ကျောင်းရှိ သဇင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးအခမ်းအနားတွင် မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက ကျောင်းအပ်နှံမှုအခြေအနေနှင့်ပတ်သက်၍ ဆောင်ရွက်သည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပြဋ္ဌာန်း ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံသို့ တာ၀န်ရှိသူအသီးသီးက ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး သိန်းလွင်၊ ဒေသကိုယ်စားပြုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂) ဦးရွှေခိုင်နှင့် တာ၀န်ရှိသူများက အ-ထ-ကစဉ့်ကိုင်ကျောင်းတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုက်လံအားပေးခဲ့ပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် မေလ (၂၈) ရက်နေ့ အထိ  အခြေခံပညာကျောင်းပေါင်း (၁၁၃) ကျောင်းတွင် အထက်တန်းအဆင့် (၈၄၃) ဦး၊ အလယ်တန်းအဆင့် (၂၉၆၃) ဦး၊  မူလတန်းအဆင့် (၆၅၇၉)  ဦး၊  စုစုပေါင်း (၁၀၃၈၅) ဦး၊ ရာခိုင်နှုန်းအနေဖြင့် (၆၀%) နှုန်းထိ လာရောက်အပ်နှံပြီး ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးဦးနှင်းဦးထံက သိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင်)