ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျိုက်မရော   မေ ၃၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ”ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခြင်းရခြင်းနှင့် မြို့နယ်အတွင်းကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ၌ ကျိုက်မရောမြို့နယ်အနေဖြင့် ကျောင်းစတင်အပ်နှံသည့် မေ ၂၆ မှ ယနေ့ထိ လာရောက်အပ်နံပြီးသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၀၀၀၀)ကျော် လက်ခံရရှိထားပြီး ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းထိ အပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်း ကျောင်းအပ်နှံမှုမှာ ယခင်နှစ်က ထက်သုံးဆတိုးတက်လာသဖြင့် ကျေနပ်အားရဖွယ်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးဝန်ကြီးဌာနမှ  အခမဲ့ ထောက်ပံပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများကို  ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)