ကျိုက်ထိုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို မေ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေးထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာ အထက်ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက “ကျောင်းနေအရွယ်ကလေး အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး၊ လူငယ်တိုင်း အခြေခံပညာသင်ယူခွင့် ရရှိစေရေးတို့အတွက် ဆရာ /ဆရာမများ၊ ကျောင်းသားမိဘများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းအိမှ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ၊ ကျောင်းဝင်း ကျောင်းပြင် သန့်ရှင်းရေးအတွက် သက်ဆိုင်ရာဌာနနှင့်ဒေသပိုင် အဖွဲ့အစည်းများ ပေါင်းဆက်စပ်ဆောင်ရွက်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာတတ် လူငယ်များ ပေါ်ထွန်းလာစေရေး၊ ကလေးများပညာသင်ယူခွင့် ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ၊ မိဘများ၊ အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူများအားကျောင်းသုံး ပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့်‌ ဘောပင်၊ ကျောင်း၀တ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၄) ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်း(၆) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၄) ကျောင်းရှိပြီး မေလ ၂၆ ရက်နေ့မှ စတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၂၆၉၆) ဦး လာရောက်ကျောင်းအပ်နှံ ပြီးကြပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

၀င်းမောင်(ကျိုက်ထို)