တပ်ကုန်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

တပ်ကုန်း မေ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သည့် နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာပြည် ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု၊ ကင်မွန်းတန်း(န)ကျေးရွာတွင် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။        

အဆိုပါသင်တန်းဖွင့်ပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျလင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါ်ငြိမ်းအေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ၊ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရပ်မိရပ်ဖများတက်ရောက်ပြီး၊ သင်တန်းကာလမှာ (၃၀.၅.၂၀၂၂)မှ (၃.၆.၂၀၂၂)ရက်နေ့ထိ သင်တန်းသား ကျား(၃)ဦး၊မ(၁၇)ဦးစုစုပေါင်း (၂၀)ဦးကို  သင်တန်းနည်းပြဆရာများက စာတွေ့၊လက်တွေ့များ​​ဖြင့် မျက်နှာသစ်ဆပ်ပြာ၊ Hand Spray၊ Shampoo ၊ရေချိုးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ မန်ကျည်းသီးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းပညာရပ်တို့ကို ကိုယ်တိုင်ပြုလုပ်ရောင်းဝယ်နိုင်သည်အထိ သင်ကြားပေးသွာမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)