တာမွေ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဆိုးဆေးပါဝင်သော အစားအသောက်များ ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆိုးဆေးများ သုံးစွဲထားသော အစားအသောက်များနှင့်ပတ်သက်၍ စျေးသူ/သားများနှင့် စျေးဝယ်လာရောက်ကြသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထိုကဲ့သို့ မြို့နယ်အတွင်းရှိ စျေးများတွင် ဆိုးဆေးများ သုံးစွဲထားသော အစားအသောက်များ ရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စျေးရောင်း/ စျေးဝယ်များအနေဖြင့် စျေးကွက်အတွင်း ဆိုးဆေးသုံးစွဲထားသော အစားအစာများ ဝယ်ယူ/ရောင်းချနေခြင်း ရှိ/မရှိကို အဓိကထား စစ်ဆေးခဲ့ပြီး ဆိုးဆေးများအနေဖြင့် လူသားများ၏ ကျန်းမာရေးကို များစွာ ထိခိုက်စေမှု၊ ဆိုးဆေးပါဝင်သော အစားအစာများကြောင့် ရေရှည်တွင် ဖြစ်ပွားလာနိုင်သည့် ရောဂါလက္ခဏာများ၊ လတ်တလော စျေးကွက်အတွင်း အတွေ့များသော ခွင့်မပြု ဆိုးဆေးပါဝင်သည့် အစားအစာများအကြောင်း၊ ခွင့်မပြုဆိုးဆေးပါဝင်သည့် အစားအစာများကို ဝယ်ယူစားသုံးခြင်းမပြုကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်