ပင်းတယဒေသထွက် ခရမ်းချဉ်သီးများစျေးကောင်းရရှိ

ပင်းတယ မေ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိကျေးရွာများတွင် ဒေသထွက် သီးနှံများအား ရာသီအလိုက်စိုက်ပျိုးထားရှိရာ ယခုအခါ တောင်သူများမျှော်လင့်ထားသည့်အတိုင်း ခရမ်းချဉ်သီးများ စျေးကောင်းရရှိနေကြောင်း သိရသည်။

ပင်းတယမြို့နယ်အနီး၊ ဇော်ဂျီချောင်းဘေးတစ်လျှောက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် ခရမ်းချဉ်သီး ဧကအများ အပြား စိုက်ပျိုးသူများအနေဖြင့် ယခုအခါ စျေးကောင်းရရှိနေပြီး တခြားဒေသများသို့ ပါတင်ပို့ရောင်းချလျက်ရှိသည် တောင်သူများအနေဖြင့်နွေ၊ မိုး၊ ဆောင်း၊ သုံးရာသီလုံး ခရမ်းချဉ်သီးကို၊ စီးပွားဖြစ်စိုက်ပျိုးကြရာ၊ စိုက်ပျိုးပြီး ၃ လ အကြာ တွင် ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရသည်။ ဆောင်းသီးနှံအတွက်  ခရမ်းချဉ်ဧကအများအပြားလည်း စိုက်ပျိုးထားသည် ကို တွေ့ရသည်။

ယခင်လများက ခရမ်းချဉ်သီးစျေးနှုန်းကျဆင်းနေချိန် တစ်ပိသာ (၃၀၀) ကျပ်ခန့်သာရှိသည့်အတွက် တောင်သူများ စျေးကောင်း ရရန်မျှော်လင့်နေရာမှ ယခုအခါ စျေးနှုန်းပြန်လည်မြင့်တက်လာပီး ခရမ်းချဉ်သီးတစ်ပိသာကို ကျပ်ငွေ (၁၀၀၀) ရှိကြောင်း၊ ပွဲရုံသွင်းစျေး၊ ဖောက်သည်ကောက်စျေး တစ်ပိသာကိုကျပ်ငွေ (၈၀၀) ခန့်ရှိကြောင်း သိရသည်။

ခရမ်းချဉ်သီးစိုက်ပျိုးရာတွင်မြေ၏ ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင်ခြောက်သွေ့သည့် နွေရာသီတွင်  မြေအစိုဓာတ် လျှော့နည်းသွားခြင်း မရှိစေရန်အတွက် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးလေ့ရှိသည်။ ပင်းတယ မြို့နယ်အနီးကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး၊ ပွေးလှ၊ စသည့် ကျေးရွာများတွင် ခရမ်းချဉ်သီးအား ဧကအများအပြားစိုက်ပျိုးကြသည်။ အိမ်တွင်းမိသားစုစီးပွားရေး တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်ဧကအများအပြား စိုက်ပျိုးကြသူများလည်းရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယ ဒေသထွက် ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေး၊ အောင်ပန်းစသည့် မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ ဖောက်သည် တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့်၊ ခရမ်းချဉ်စိုက်ပျိုးတောင်သူများအနေဖြင့် ယခုအခါစျေးကောင်းရရှိ၍ မိသားစု လူမှုစီးပွားဘဝ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်(ခရိုင်ပြန်/ဆက်)