ပင်းတယ မေ ၃၀
ရှမ်းပြည်နယ်တောင်းပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသပင်းတယမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားအား(အထက-ကြိုသက်) ကျောင်းသား/သူများက" မြန်မာ့ကျောင်း "သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာ ကျောင်းဆရာ/မ များအားလုံး မိမိတို့၏ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား လိမ္မာယဉ်ကျေးပြီး၊ ဗလငါးတန်နှင့်ပြည့်စုံအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား/သူ များအနေဖြင့်လည်း အသိပညာသာမက အတတ်ပညာပါ ပိုမိုသိရှိလေ့လာသင်ယူကြစေရန်နှင့် ကျောင်းနေပျော်၍ စာတော်ပြီးမိမိ သိရှိနားလည်တတ်ကျွမ်းထားသည့် အသိပညာအတတ်ပညာအား လက်တွေ့အသုံးချမှသာ နောင်အနာဂတ်တွင် အမိမြန်မာနိုင်ငံတော်ကြီးအတွက် အားကိုးအားထားရာ ခေါင်းဆောင်ကောင်းများဖြစ်လာမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဒုတိယပညာရေးမှူး ဦးသီဟက ရှေးအစဉ်အဆက်ဆက်ကတည်းက ပညာရေးစနစ် ပြုပြင်ပြောင်းလဲ လာပုံအဆင့်ဆင့်၊ ပညာရေးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မူဝါဒနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်တက်စေရန်တို့အတွက် ထပ်ဆင့်ရှင်းလင်း ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ပညာရေးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ဒုတိယပညာရေးမှူးဦးသီဟက လက်ခံရယူပေးခဲ့သည်။ ယနေ့တွင် ပင်းတယမြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းမှ ကျပ်(၅)သိန်းနှင့် မြို့နယ်ပညာရေးဌာန(ဂျီအီးစီ)ငွေစုငွေချေးအသင်းမှ ကျပ် (၂)သိန်းတို့အား ပညာရေးဌာနသို့ သက်ဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းပေးခဲ့ကြောင်း သိရပြီး၊ အထက (၁) ကျောင်းသား/သူများက" ပြည်မြန်မာ" သီချင်းဖြင့် သီဆို၍ အခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ပင်းတယ(ပြန်/ဆက်)