ဆိပ်ကြီးခနောင်တို မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်း(အထက-ခနောင်တို) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထက(ခနောင်တို)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးမျာက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး မှ မြို့နယ်အတွင်း ကျောင်းအပ်နှံရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ထောက်ပံ့ပေးသည့် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအုပ် ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အထက(ခနောင်တို)မှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)