တာမွေ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲတို့ ပူးပေါင်း ထုတ်ဝေသည့် “သွေးလွန် တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” ဆိုသည့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး/ ပုံမှန်ကာကွယ်ဆေးထိုးစုရပ်နေရာများ၊ အခြေခံပညာ ကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူအသွားအလာများသည့် နေရာများတွင် မိဘပြည်သူများနှင့် ကျောင်းသား/သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်သည့် ခြင်ကျားပေါက်ပွားပုံ အဆင့်ဆင့်တို့ကို အသေးစိတ်စုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
၂၀၂၁-ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၁၅၀၀)ကျော်နှင့် သေဆုံးသူနှစ်ဦးအထိရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း ၂၀၂၁-ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၆၇)ဦးအထိ ရှိခဲ့ပါကြောင်း၊ ယခုအခါ ခြင်များပေါက်ဖွားမှု အများဆုံးဖြစ်သည့် မိုးဦးကျကာလသို့ ရောက်ရှိ လာပြီဖြစ်တာကြောင့် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေး အတွက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်