သံတွဲ မေ ၃၀
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက အထက (ငပလီ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ်နှင့်အညီ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ကျော်သန်းက ပြီးခဲ့သည့်နှစ်အတွင်း စာသင်နှစ်ကုန်ဆုံးသည်အထိ ကြိုးစား၍သင်ကြားပေးကြသော ဆရာ၊ ဆရာမများအား နိုင်ငံတော်အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး လိုအပ်ချက်များရှိက အချိန်မီအသိပေးရန်၊ ကျောင်းသားလူငယ်များ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်သည် အလေ့အကျင့်များ မွေးမြူပေးရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ သံတွဲမြို့နယ်အတွင်းမှ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၁၉၇ ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာ မေလ ၂၉ ရက် မှ ၃၀ရက်နေ့ထိ (၂) ရက်ကြာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ စီမံဘဏ္ဍာကဏ္ဍ၊ ပညာရပ်ကဏ္ဍနှင့်စီမံကိန်းကဏ္ဍဆိုင်ရာ ကဏ္ဍများအောက်ရှိ လုပ်ငန်းဆိုင်ရာများကို အသေးစိတ် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်းသိရသည်။
စန္ဒာကြည် ( ခရိုင် ပြန်/ဆက် )