နေပြည်တော် မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများထံ မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ ဖွံဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနေလျက်ရှိပါကြောင်း၊ တောင်သူတွေအနေဖြင့် မိမိတို့၏လယ်ယာမြေများကို အထွက်နှုန်းပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာစေရေးအတွက် ကြိုးစားလုပ်ကိုင်ကြရန် လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်များ တောင်သူတွေလက်ဝယ်ရောက်ရှိစေရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများထည့်သွင်းအသုံးပြုရာတွင် နည်းစနစ်မှန်ကန်စေရေးအတွက် ကွင်းဆင်းပညာပေးခြင်းတွေကို ဆောင်ရွက်ပေးဖို့ အရေးကြီးပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများ၏လိုအပ်ချက်များကို ဌာနဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ(၁၄၁)ဦးတို့အတွက် ဗမာနံနံ နာမ်ဒန်မျိုးစေ့ ၅၀၀ ဂရမ်ထုပ် ၁၄၁ ထုပ်နှင့် မျိုးစပါး(၁၄၁)တင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စုများအလိုက် တောင်သူများထံ ထောက်ပံ့ပေးအပ်ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)