လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်

တောင်ကုတ် မေ ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတု၊ တိုးတက်လာ သည့် စိုက်ပျိုးရေးနည်းပညာနှင့်အညီ စိုက်ပျိုးတတ်စေရန် ရည်ရွယ်ချက်များဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ကင်းတောင်စံပြကျေးရွာရှိ တောင်သူ ဦးမောင်ကြည်လှိုင်၏ လယ်မြေ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းသရုပ်ပြပွဲပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးက လယ်ယာကဏ္ဍ တိုးတက်ဖွံဖြိုးရေး အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးထွန်းသိန်းက EM ဘိုကာရှီ ဆောင်ရွက်ထားရှိမှုနှင့် စူပါဘိုကာရှီ ပြုလုပ်ပုံ အဆင့်ဆင့်များကို လက်တွေ့သရုပ်ပြ ပြီးလယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးစီးပွားများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တောင်သူများ၏ မေးမြန်းချက် များကို မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက ပြန်လည်ဖြေကြားဆွေးနွေးသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပတ်၀န်းကျင်ကျေးရွာများမှ တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)