ကျောက်ဆည် မေ ၃၀
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ် ကျန်စစ်သားမင်းကြီးလက်ထက်က တည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့် ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၇)နာရီက ရတနာသိမ်ကျောင်း ဆရာတော် ဘဒ္ဒန္တကေလာသ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ကြည်ညိုခဲ့ကြောင်းသိရ သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရာကန်တော့ကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပုဂံခေတ်တိန်လည်အလိုတော်ပြည့်ဘုရားကြီးအား ကန်တော့ပွဲများဆက်ကပ်လှူဒါန်းခဲ့ကာ နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီပရိယတ္တိစာသင်တိုက်ကြီးမှ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တပါ မောက္ခာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများထံမှ ကိုးပါးသီခလခံယူဆောက်တည်ကြသည်။
ထို့နောက်အလှူရှင်ဒကာ၊ဒကာမများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့် ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်းတို့ကို သံဃာတော်အရှင်သူမြတ်တို့ထံသို့ ဆက်ကပ်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တို့ကိုပင်ဆောင်ကာ တိန်လယ် အလိုတော်ပြည့်ဘုရားကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ မင်္ဂလာအချိန်တွင် နတ်ပန်းရထားဖြင့် ထီးတော်တင်လှူခြင်းများဆောင်ရွက်ခဲ့ကြပြီး ရွှေမိုး၊ ငွေမိုးရွာသွန်းသည့်အနေဖြင့် အလှူရှင်များက ပိုက်ဆံကျဲခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထီးတော်တင်လှူပြီးနောက် ဆရာတော်သံဃာတော်များက တိန်လယ်အလိုတော်ပြည့်ဘုရားကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်မင်္ဂလာတင်ခြင်းများ ပြုလုပ်ခဲ့ကာ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုအစုစုနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး နိုင်ငံတော်ဩဝါဒါစရိယဧရာဝတီပရိယတ္တိစာသင်တိုက်ကြီးမှ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တပါမောက္ခာဘိဝံသထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)