သီပေါ မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ပညာသီရိ၏ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိ အထူးကုဆရာဝန်ကြီးများက (၂၄-၅-၂၀၂၂)ရက်နေ့မှစတင်၍ (၂၉-၅-၂၀၂၂)ရက်နေ့အထိ (၆)ရက်ကြာ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မေလ ၂၄ ရက်နေ့တွင် မျက်စိစမ်းသပ်လူနာ(၄၂၃)ဦး၊ ခွဲစိတ်လူနာ(၃၆)ဦး၊၂၅ ရက်နေ့တွင်စမ်းသပ်လူနာ(၃၆၇)ဦး၊ခွဲစိတ်လူနာ(၆၄)ဦး၊၂၆ရက်နေ့တွင် စမ်းသပ်လူနာ(၂၄၃) ဦး၊ ခွဲစိတ် လူနာ (၈၀)ဦး၊ ၂၇ ရက်နေ့တွင် စမ်းသပ်လူနာ(၁၂၉)ဦး ၊ ခွဲစိတ်လူနာ(၈၇)ဦး၊ ၂၈ ရက်နေ့တွင် စမ်းသပ်လူနာ(၂) ဦး၊ ခွဲစိတ်လူနာ(၉၁)ဦး၊ ၂၉ ရက်နေ့တွင် ခွဲစိတ်လူနာ (၃၃)ဦး၊ ၆ ရက်အတွင်း စုစုပေါင်းစမ်းသပ်လူနာ(၁၁၆၄)ဦးနှင့် ခွဲစိတ်လူနာ(၃၉၁)ဦးအားအခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊သီ ပေါမြို့နှင့် အနီးပတ်ဝန်းကျင် မြို့များဖြစ်သော နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ္မတူ စသည့်မြို့များမှ မျက်စိဝေဒနာရှင်များနှင့် သီပေါမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များလာရောက် စမ်းသပ်ခွဲစိတ်ကုသခဲ့ကြကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)