လားရှိုး မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) လားရှိုးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကို ယမန်နေ့ နံနက်(၉) နာရီက လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မောချယ်ရီခန်းမ၌ ကျင်းပသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် လားရှိုးမြို့ အထက(၆)မှ အလယ်တန်းပြဆရာ၊ ဆရာမများမှ ရေးစပ်သီကုံးထားသော ကျောင်းအပ်နှံရေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မြို့နယ်ပေါင်း(၂၃)မြို့နယ်ကို ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက် ပိုစတာများ၊ နံရံကပ်ပိုစတာများ၊ ညွှန်ကြားချက်များကို အချိန်မီဖြန့်ဝေပေးခဲ့ပြီး ကျောင်းအပ်နှံရေးလုပ်ငန်းများကို လူထုလှုပ်ရှားအသွင်နှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းသုံးပြဌာန်း စာအုပ်များ ပထမမှ ပဥ္စမတန်း အထိ မူလတန်းဆင့်ကလေးတိုင်းအတွက် တစ်ဦးလျှင် တစ်ဒါဇင်နှုန်းနှင့် ဗလာစာအုပ် ဒါဇင်ပေါင်း (၂၇၄၇၂၀)ကို ဖြန့်ပြီးဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံချိန်တွင်လည်း မည်သည့်အခကြေးငွေမှကောက်ခံခြင်းကို ခွင့်မပြုကြောင်း မှာထားပြီးဖြစ်ပါ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး မည်သည့်ခွဲခြားမှုမှမရှိဘဲ ပညာသင်ကြားခွင့်ရရှိရေးနှင့် ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေးတို့ကို အထူးအလေးပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးဗလာစာအုပ်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးတို့မှ ထောက်ပံ့ပေးအပ်ကြပြီး ကျောင်းဝတ်စုံများနှင့် ဘောပင်၊ ခဲတံများကို ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြ၍ အ.ထ.က(၆)ကျောင်းမှ ဆရာဆရာမများက အောင်ပါစေသီချင်းများဖြင့် ကပြဖော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ဆရာ၊ဆရာမများအား ထောက်ပံ့ငွေပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အ.က.ထ(၁)လားရှိုး၊ အ.လ.က (၅)၊ အ.ထ.က (၆) ကျောင်းများတွင် အတန်းလိုက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံနေမှုကို ကြည့်ရှု၍ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)