မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မာန်အောင် မေ ၃၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် အဆင့် ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားကို အထက(​ခွဲ)စျေးတန်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးက အဖွင့်အမှာစကား ပြောကြား ရာတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကျောင်းအပ်နှံရန် ကျောင်းသားမိဘများနှင့် ရပ်မိ၊ ရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကလေးများ၏ ပညာရေး အနာဂတ်လှပစေရန် မိဘ၊ ဆရာ၊ ကျောင်းသား လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမောင်သိန်းလှိုင်က ကျောင်းအပ်နှံရေးနေ့ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုး၊ မြို့နယ်ပညာရေးမှူး ဦးမောင်သိန်းလှိုင် နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူ များအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)