(၅၃)ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်းအာဂုံ စာတော်ပြန်ပွဲ အောင်ပွဲ ကျင်းပ

ဗဟန်း မေ ၃၀

ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ (၅၃)ကြိမ်မြောက် အဘိဓမ္မာ (၇) ကျမ်းအာဂုံ စာတော်ပြန်ပွဲအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဗဟန်းမြို့နယ် မြို့မရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အဘိဓမ္မာရတနာဃရဓမ္မ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဩဝါဒါစရိယ ဆရာတော်တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ၊   တိပိဋကဓရ-တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှ အနုမောဒနာ တရားနားကြားကြပြီး ကောင်းမှုကုသိုလ် အစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြသည်။

ထို့နောက် အဘိဓမ္မာ (၇) ကျမ်းအာဂုံ စာတော်ပြန်ပွဲကာလအတွင် ပင့်ဖိတ်ထားသော နတ်ဗြဟ္မာအပေါင်းတို့အား အကျိုးဆောင် ဦးသိန်းစိုးဦးက ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ အဘိဓမ္မာ(၇)ကျမ်းအာဂုံ စာတော်ပြန်ပွဲကို ဩဝါဒါစရိယဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အပါဠိပါရဂူ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဩဝါဒါ စရိယဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)နှင့် ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှ တာဝန်ရှိသူများက အာဂုံစာတော်ပြန်နေမှုကို လိုက်လံကြည့်ရှုခဲ့ကြသည်။

ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ အဘိမ္မာ(၇)ကျမ်းအာဂုံ စာတော်ပြန်ပွဲနှင့် ရေးဖြေစာမေးပွဲကို ဗဟန်းမြို့နယ် အဘိဓမ္မာရတနာဃရဓမ္မဗိမာန်တော်ကြီး၌ မေ (၂၁) ရက်နေ့မှ မေ (၂၉) ရက်နေ့အထိ (၇) ရက်တိုင် ကျင်းပပြုလုပ်ရာ အဘိဓမ္မာ (၇) ကျမ်း (အာဂုံ+ရေးဖြေ) စာတော်ပြန်ပွဲတွင် သံဃာတော် (၇) ပါး၊ သီလရှင်(၄၃)ပါးနှင့် လူပုဂ္ဂိုလ်(၁၂၀၁)ဦးတို့ ကြွရောက် ဖြေဆိုကြကြောင်း သိရသည်။

အောင်မြင့်( ပြန်/ဆက် )