သာစည် မေ ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းနှင့် တို့ကျောင်းသာယာသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီးအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာ ရေးမှူး(တာဝန်ခံ)ဒေါ်သန်းသန်းဌေးက ကျောင်းအပ်နှံရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေပေးအပ်သော အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်တို့အတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို တာဝန်ရှိသူများက ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။ ကျောင်းအပ်နှံရေးအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)