မြစ်ကြီးနား မေ ၃၀
ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အေးမြသီတာခန်းမ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက တို့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် အခွင့်အလမ်းအပြည့် အဝရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံခြင်းသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းအပ်နှံရေးကို ပညာရေးဌာနတစ်ခုတည်းသာမက ကလေးမိဘများ၊ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များအားလုံး စုပေါင်းပြီး ပြည်နယ်အတွင်းရှိ အရွယ်ရောက်သူတိုင်း ကျောင်းနေနိုင် ရေး၊ ကျောင်းနေမြဲရေး၊ မူလတန်းပညာမှ အလယ်တန်း၊ အထက်တန်းအထိ အဆင့်ဆင့်စဉ်ဆက် မပြတ်သင်ယူနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် မိဘများအနေဖြင့် မိမိတို့သားသမီးများ ပညာသင်ယူတတ်မြောက်စေရေး၊ မိဘဆရာအသင်းနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တိုက် တွန်း မှာကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများလာရေး မျှော်မှန်းချက်ဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေး အလေးပေး ဆောင်ရွက်နေမှုများနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်းအဆင့် ကျောင်း သား/ကျောင်းသူများအတွက် လည်းကောင်း၊ ဒုတိယဝန်ကြီးက အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက်လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက မူလတန်း အဆင့် ကျောင်းသား/ ကျောင်းသူများအတွက် လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက်လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်က ပြည်နယ်ပညာရေးမှူး ထံ ဗလာစာအုပ်ဒါဇင် (၆၀)ကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းအပ်နှံရန် လာရောက်ကြသည့် ကျောင်းသားမိဘများနှင့် ကျောင်းသားကလေးငယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ ပေးအပ်ခဲ့ကြကာ သက်တမ်းလွန်ကျောင်းဆောင်များအား ပြုပြင်တည်ဆောက်နိုင်ရေး ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်