မြောက်ဦးမြို့၌ (၇၄) ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပ

မြောက်ဦး မေ ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မေလ ၈ ရက်နေ့တွင် ကျရောက်သော (၇၄) ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ထမ္မရာဇ်ရပ်ကွက်ရှိ ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရခိုင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေမှ အဖွင့် အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်ထံမှ ပေးပို့သော (၇၄) ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေနေ့ သဝဏ်လွှာအား ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးမှ တက်ရောက်လာကြသော ကြက်ခြေနီ တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာများကို ရှင်းလင်းဖတ်ကြားခဲ့ပြီးနောက် ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမောင်လှမှ ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံတွင် နှစ်စဉ်မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့သည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ရှိသော ကြက်ခြေနီ စေတနာရှင်များကို ဂုဏ်ပြုသောနေ့လည်းဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်မှာ "Be Human Kind" ဖြစ်ကြောင်းဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ယနေ့ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ရာသီဉတု ပြောင်းလဲမှုများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေများ၊ ကြက်ခြေနီ အခြေခံမူ (၇) ချက် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကြက်ခြေနိတပ်ဖွဲ့ဝင်များမှ ပတ္တီးစည်းနည်းများ၊ ရှေးဦးသူနာပြုစုနည်းများကို သရုပ် ဖော်ပြခဲ့ပြီး ရခိုင်ပြည်နယ် ကြက်ခြေနီဥက္ကဋ္ဌမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့အား ဂုဏ်ပြုလွှာများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)