ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ပြုသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဖုံး သွန် လဲ စစ် ဆောင်ရွက်ခြင်းနှင့်အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်

ပူတာအို   မေ   ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများကို ဇွန်(၂)ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆိုပါအခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်စေရန်နှင့် မြို့ပေါ်ကျောင်းများနှင့်အညီ ကျောင်းဥပဓိရုပ်ကောင်းမွန်လာစေရေးတို့အတွက် ကျောင်းတွင်းကျောင်းပြင် ပြည်သူ့အကျိုးပြုသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ ဖုံး သွန် လဲ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများစုပေါင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထက(ပူတာအို)နှင့် အထက(ဒုတ္ထန်)ကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသူ ကျောင်းသားအင်အား(၁၇၀)ကျော်တို့က ဓါး၊ ပေါက်ပြား၊ ဂေါ်ပြား၊ ထွန်ခြစ်၊ အမှိုက်တောင်း၊ အမျိုက်အိတ်၊ တံမြက်စည်းကြမ်း၊ မြက်ရိတ်စက်များဖြင့် ကျောင်းတွင်းကျောင်းပြင်ရှိ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များစနစ်တကျကောက်သိမ်းခြင်း၊ ချုံ နွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင ရေနုတ်မြောင်းများဖော်ပေးခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ကျန်းမာရေး ဆရာ/မများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် ခြုံခုတ်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဖုံး သွန် လဲ စစ် ဆောင်ရွက်ခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် သန့်ရှင်းသောသောက်သုံးရေရရှိလာစေရေးအတွက် ရေတွင်းရေကန်များတွင် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပြန်/ဆက်)