ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

မွန်  မေ  ၂၉

၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင် က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာတွင် ဥပဒေအရာရှိများအနေဖြင့် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် တရားစွဲနှင့်အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်များကို သေသေချာချာ ဖတ်ရှုပြီး လိုက်နာဆောင်ရွက်ကြရန်၊ မိမိတို့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဌာန၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြုအမူ အပြောအဆိုများနှင့် အဂတိလိုက်စားမှုများကို ရှောင်ကျဉ်ကြရန်၊  ပြည်သူများနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံရန်၊ အစိုးရသတင်းစာများအား ဖတ်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်သည့် ကြော်ငြာချက်များ၊ အသိပေး တင်ပြချက်များကို မှတ်သားလိုက်နာဆောင်ရွက်ကြရန်၊ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ စီမံချက်များရေးဆွဲပြီး ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် ဥပဒေနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များ ပြုလုပ်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင် က ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၏ ကဏ္ဍအလိုက် ရှင်းလင်းဆွေနွေးခဲ့မှုများကို ထပ်ဆင့်ရှင်းလင်းခဲ့ကာ တက်ရောက်လာကြသော ဥပဒေအရာရှိများက မိမိတို့ရုံးအလိုက် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ရုံးလုပ်ငန်းမျာကို တင်ပြဆွေးနွေးကြပြီး မွန်ပြည်နယ် ဥပဒေချုပ်နှင့် မွန်ပြည်နယ်ဥပဒေအရာရှိတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် ဥပဒေချုပ်နှင့်အတူ မွန်ပြည်နယ် ဥပဒေအရာရှိများ၊ မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

ခရိုင် (ပြန်/ဆက်)