နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ပုညနိမ္မိတာရာမ (ရွှေသုဝဏ်) ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပ

ရန်ကုန် မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပုညနိမ္မိတာရာမ (ရွှေသုဝဏ်)ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာ သဘင် အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းတိုက်၌ ဆင်ယင်ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘ ဒ္ဒန္တစိတြဉာဏ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒါယကာ ဒါယိကာမများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာသဗ္ဗေ သင်္ခါရာ အနိစ္စာတိ အစချီ သုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော် ဩဝါဒါစရိယ မိတ္ထီလာမြို့ ရေလယ်ကျောင်းတိုက် ပဓာန နာယကအဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဆရာတော် ဘဒ္ဒန္တလာဘာဝတထံမှ ဧည့်ပရိသတ် များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကွန်ပျူတာမူ ပိဋကတ်ကျမ်းစာ ဒါယကာ ဦးကျော်ညွန့်တို့က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ပေးပို့သော သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ရွှေဘိုမြို့၊ ပါဠိကာရီ ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာ ဘိဝံသက လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပေးပို့ဆက်ကပ်သော ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လည်းကောင်း၊ ဗုဒ္ဓစာပေ အဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိန်လှဝင်းက လည်းကောင်း ဖတ်ကြားပူဇော်ကြသည်။

ယင်းနောက်ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ရှမ်း ပြည်နယ် ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံမှသံဝေဂဓမ္မကထာကို နာယူပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ရွှေသုဝဏ် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏမြို့ သစ်ဇိနဝါဒီကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒသိရီက ဖတ်ကြားပူဇော်၍ လမ်းမတော်မြို့နယ် သရက်တောတိုက် သီတာရုံကျောင်း ဆရာတော်ဘဒ္ဒန္တ အရိယဓမ္မ(ဒီဃဘာဏက)က ပစ္ဆိမဝန္ဒနာ ဂါထာတော်ဖြင့် ဖတ်ကြားပူဇော်သည်။

ထို့နောက် အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် နောက်ဆုံး တောင်းပန်ကန်တော့လွှာကို ကချင်ပြည်နယ် သံဃနာယက အဖွဲ့အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသို ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာကတိုင်ကြားပေး၍ တောင်းပန် ကန်တော့ကြပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အားက ရဝိက်ဖောင်တော်သို့ လိုက်ပါကြွချီတော်မူပါရန် တောင်းပန်လျှောက်ထားသည့်အဘိယာစနနိမန္တနဂါထာတော်ကို ဝိဇ္ဇာပညာထူးချွန်(ပထမဆင့်)၊ မဟာသဒ္ဓမ္မဇောတိက ဓဇဦးသူရက ဖတ်ကြားလျှောက်ထားသည်။

ယင်းနောက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို တပည့်သံဃာတော်များကဦးစွာ ပင့်ဆောင် ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ကျောင်းတိုက်မှ ကရဝိက်ဖောင်နတ်ပန်းရထားပေါ်သို့ ဆက်လက်ပင့်ဆောင်ကြသည်။ ဆက်လက်၍ နတ်ပန်းရထားဖြင့် လောင်တိုက်တော်သွင်း ပူဇော်မည့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘူမိကွင်းသို့ပင့်ဆောင်ကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ တပည့်သံဃာတော်များက ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို လောင်တိုက်တော်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး ဆရာတော်ကြီး၏ တပည့်သံဃာတော် များဖြစ်ကြသည့် ဦးဉေယျဓမ္မ၊ ဦးရာဇိန္ဒ၊ ဦးဥတ္တမတို့က မွန်းလွဲ၃နာရီခွဲတွင် စက်ခလုတ်နှိပ်၍ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအခမ်းအနားကို လောင်တိုက်တော်သွင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)