ဗဟန်း မေ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေ၂၆ရက်နေ့မှစတင်၍ ဇွန်(၁)ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းတင့်တယ်သာယာလှပရေးတို့အတွက် အပတ်စဉ် (စနေ)နေ့တိုင်း အထူးသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ အဆောက်အဦးနှင့်မလွတ်ကင်းသော၊ အမြင်မတင့်တယ်သည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေဆိုးရေမြောင်းများဆယ်ယူခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်တမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ပါဝင်သော ပူပေါင်းအဖွဲ့အင်အား (၁၂၀)ဦးတို့ဖြင့် မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ထိုသို့စု ပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာကျောင်းသို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများက လာရောက် ကြည့်ရှု့ခဲ့ကြပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအပတ်စဉ် ဌာနပေါင်းစုံသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စနေ့နေ့တိုင်း စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် မြို့နယ်သန့်ရှင်းသာယာလှပစေပြီး အများပြည်သူများ အမြင်တင့်တယ် စိတ်အေးချမ်းသာမှုရရှိသည့်အပြင်၊ သွေးလွန် တုတ်ကွေး ရောဂါကာကွယ်နိုင်ရေးအတွက်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)