လားရှိုး မေ၂၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လားရှိုးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအားကြိုဆိုပွဲကို ယမန်နေ့ညနေ (၃)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အကြီးအကဲ လမ်းညွှန်သည့်အတိုင်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် အလယ်အလတ်ရာထူးများ လစ်လပ်လျက်ရှိသောကြောင့် ကထိက၊ လက်ထောက် ကထိကများ လစ်လပ်လျက်ရှိပြီး အကြီးပိုင်းများကို ရာထူးအလိုက် ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယခု လစ်လပ်သည့်နေရာများကို မောင်မယ်သစ်လွင်(၄၁)ယောက်ကို အင်အားဖြည့်ပေးသည့်အတွက် မိမိအနေဖြင့် ဝမ်းသာပါကြောင်း၊နောက်ထပ် မဟာတန်း မပြီးသေးတဲ့သူရှိပါက ထပ်ခန့်ပေးမည်ဖြစ်ကြောင်း၊ သစ်လွင်မောင်မယ်များသည် ကျရာတာဝန်များကို ထမ်းဆောင်ပေးရန်လိုကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာမ များသည် တိုင်းပြည်တစ်ပြည်၏ အဓိကကျဆုံး အင်အားဖြစ်ပါကြောင်း၊ မိမိတို့မှမွေးထုတ်ပေးလိုက်သော ကျောင်းသား၊ကျောင်းသူများသည် အနာဂတ်မျိုးဆက်သစ်အတွက် ဖြစ်ပါကြောင်း ၊အနာဂတ် မျိုးဆက်သစ် အတွက် ဦးဆောင်လမ်းညွန်ပြသမှုမှာ ဆရာ၊ ဆရာမများဖြစ်ပါကြောင်း၊ မိမိတို့သည် ကျန်သည့်ဌာနများနှင့်မတူဘဲ စေတနာ၊ ဝေဒနာ၊ အနစ်နာ၊ ဝါသနာ၊ နာ(၄)နာဖြင့် ရင်းနှီးပြီးတည်ဆောက် ရပါကြောင်း အလုပ်ရှားပါးသည့်အချိန်တွင် တက္ကသိုလ် ဆရာ၊ ဆရာများ ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူပါ၊ မိမိအလုပ်ကိုလေးစားပါ၊ မြတ်နိုးပါ၊ မိမိတက္ကသိုလ်ကိုချစ်မြတ်နိုးပြီး အားလုံးဝိုင်းဝန်းပူးပေါင်းပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လားရှိုးတက္ကသိုလ် ဘက်စုံဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဋ္ဌေးအောင်မှလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လာရှိုးတက္ကသိုလ်အဆင့်မြှင့် ဘောလုံးအားကစားကွင်းအား ပြုပြင်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)