သံဖြူဇရပ် မေ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက် ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့် မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ရွာအခြေပြု အိမ်တွင်းမှု သင်တန်းများကို အိမ်တွင်းမှုကျောင်းမရှိသည့် ဒေသနှင့် အိမ်တွင်းမှုကျောင်းများသို့ သွားရောက်ရန် အခက်အခဲရှိသော ဒေသများသို့ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသူများအနေဖြင့် ယခုသင်တန်းကာလ (၇)ရက်တာသင်ကြားပြသထားပြီဖြစ်၍ ပန်းအလှပြင်နှင့် မြန်မာအစားအစာများကို လက်တွေ့သင်ယူတတ်မြောက်ထားသော ပညာဖြင့်မိမိတို့၏ ဘဝရပ်တည်မှုနှင့် အလှူအတန်းများတွင် ကုသိုလ်ပြုလုပ်ကိုင်ဆောင်ရွက်နိုင်ကြ၍ များစွာအကျိုး ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းသားများကိုယ်တိုင် လက်တွေ့ပြုလုပ်ထားသည့် ပန်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများအား လက်ဆောင်ပေးအပ်ပြီး သင်တန်းသူများမှလည်း သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)