အနဂ္ဃရတနာမြေဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ငပလီမြို့၌ကျင်းပ

သံတွဲ မေ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကျင်းပပြုလုပ်မည့် အနဂ္ဃရတနာမြေဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ်၊ ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ Ngapali Paradise Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွါးရေးရာဝန်ကြီးဦးစံရွှေမောင် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ပြောကြားရာတွင် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအားကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရောက်နိုင်ရေးအတွက်‌ ရခိုင်ဒေသမြောက်ဦး၏ ရိုးရာ ရှေးဟောင်း သမိုင်းဝင်ဓါတ်ပုံများအား အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲပြုလုပ်ပြီးပြည်တွင်း၊ပြည်ပ  ခရီးသွားများ  အားပြသပြီးမြောက်ဦးဒေသအား လူအများသိရှိစိတ်ဝင်စားမှု ရရှိစေလို၍ ငပလီကမ်းခြေတွင် ဆောင်ရွက်ရန်အစီအစဉ်ရှိသဖြင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။    

ထို့အပြင် ငပလီဆောင်းဦးပွဲတော် ကျင်းပပြုလုပ်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ရောက်ရှိမှုပိုမိုများပြားလာကာ ဟိုတယ်၊တည်းခိုခန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာတာကိုတွေ့ရသလို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည်လည်း ဖွံ့ဖြိုးတိုးတက်လာကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက်‌ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်မည် ဖြစ်သလို ငပလီကမ်းခြေ ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည်ဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်တည်းခိုခန်း လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သံတွဲခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲရုံးခွဲတာဝန်ခံ ဦးကျော်ဇေယျ တို့က ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် ဟိုတယ်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲ ပြုလုပ်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြကြသည်။  တိုသို့တင်ပြချက်များအပေါ် ပြည်နယ် စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)