မြေပုံ မေ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် အငူကျေးရွာရှိ ဧလပဗ္ဗတတော်ပေါ်တွင်တည်ထားကိုးကွယ်လျက်ရှိသော ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတော်မြတ်ကြီး၌ ဘုရားဖူးများအလွယ်တကူ တက်ရောက်ဖူးမြော်နိုင်ရန်ရည်ရွယ်၍ တည်ဆောက်ထားသောဓာတ်လှေကားအား ယမန်နေ့နေ့လယ် ၁နာရီအချိန်က ဓာတ်လှေ ကားအဝင်ရင်ပြင်တွင် ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ဗိုလ်မှူးကြီးမျိုးညွန့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်လင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ဦး၊ ဂေါပကဥက္ကဋ္ဌ ဦးတင်အေးနှင့် ဂေါပကအတွင်းရေးမှူး ဦးထွန်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဂေါပကဥက္ကဋ္ဌ ဦးတင်အေးမှ ဗုဒ္ဓရင်ရိုးတော်ဓာတ် စေတီတော်မြတ်ဓာတ်လှေကားဖွင့်ပွဲ အထိမ်းအမှတ်အလံနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဗိုလ်မှူးကြီးမျိုးညွန့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်လင်းနိုင်ပေးအပ်ခဲ့ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဂေါပကဥက္ကဋ္ဌ ဦးတင်အေးက ဓာတ်လှေကား စတင်အကောင်အထည်ဖော်လာပုံ သမိုင်းကြောင်းနှင့် ငွေကြေးအလှူခံရရှိမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဓာတ်လှေကားတည်ဆောက်ရာတွင် မြေအောက်ဖောင်ဒေးရှင်း (၁၀ပေ×၆လက်မ)၊ မြေပေါ်မှ လျှောက်လမ်းထိအမြင်ပေ (၇၆ပေ)နှင့် လျှောက်လမ်း အထက်အမြင့်ပေ(၂၃ပေ×၃လက်မ)၊ ဓာတ်လှေကားမှ ဘုရားရင်ပြင်အထိ လျှောက်လမ်းမှာ (အလျှား ၁၁၈ပေ ×အနံ ၁၀ပေ)ရှည်လျှားကာ ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်(၁၅၀)သိန်း၊ စေတနာရှင် အလှူရှင်များ မှလှူဒါန်းငွေကျပ် (၂၉၈၂၆၈၄၁၀)သိန်းဖြစ်ပြီး စုစုပေါင်းကုန်ကျငွေမှာ ကျပ်(၃၁၃၂၆၈၄၁၀)သိန်း ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်း(ပြန်/ဆက်)